Tuesday, November 24, 2009

ကမ္ဘာသစ် VS ဘုရားသခင်

ကလေးတို့ရေ...
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ ဘဒ္ဒကမ္ဘာက လူသားတွေဟာ အချိန်ရှိတိုင်း အဖေ့ဘုတ် ကြီးမှာပဲ ပျော်မွေ့နေကြတယ်တဲ့။ အဲဒါကို ဘုရားသခင်က lesson ပေးချင်တော့ 2012 ရုပ်ရှင်ရိုက်ပြီး ချိန်းခြောက်သတဲ့။ ဒါပေမယ့် လူတွေကမရပါဘူး။ အာဗင်ကြီးပါကွာဆိုပြီး ဘုရားသခင်ရဲ့သတိပေးမှုကို respect မထားပဲ အဖေ့ဘုတ်ကြီးမှာပဲ တွယ်ကပ်နေ ကြတယ်တဲ့။ ဒါနဲ့ ဘုရားသခင်လည်းတင်းလာပြီး ဒီကမ္ဘာကိုဖျက်ပြီး နောက်ထပ်ကမ္ဘာသစ် တည်ဆောက်ဖို့ တိတ်တဆိတ် ပြင်ဆင်တော့တာပေါ့ကွယ်။

ဘုရားသခင်က နောက်ထပ်ကမ္ဘာအသစ်ဖန်ဆင်းရာမှာ အရင်နည်းအတိုင်း ကောင်းကင်နဲ့ မြေကြီးကိုအရင်ဖန်ဆင်းလိုက်တယ်။ ပြီးတော့ အလင်းဖြစ်စေဆိုပြီး အလင်းကိုလည်း ဖန်ဆင်းသတဲ့။ အလင်းက ရေလည်ဂွတ်တာ သိရတော့ သူနဲ့ဆန့်ကျင်ဖက် အမှောင်ကို လည်း ဖန်ဆင်းလိုက်သတဲ့။ ကုန်းကို မြေဟူသော အမည်ပေးတယ်။ နောက်.. ရေစုဝေးတဲ့နေရာကို ပင်လယ် စသဖြင့် အရင်ကုလားဖြူဘုတ်အုပ်ထဲကနည်းအတိုင်း ထာဝရဘုရားက အမည်ပေးလိုက်သတဲ့။ ဒီ့နောက် သီးပင်းစားပင်တွေ၊ တိရိစ္ဆာန်မျိုး စိတ်တွေကို တစ်ခုပြီးတစ်ခု ဖန်ဆင်းသတဲ့။

ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ တော်တော်လေးစုံသွားလို့ ဘုရားသခင်လည်း အာသာပြေလို့ငြိမ်သွားတာပေါ့။ ဘဒ္ဒကမ္ဘာကလူတွေကို တင်းလို့သာ ကမ္ဘာသစ်လုပ်ရတာ အတော်လေး ပင်ပန်းရှာသတဲ့။ နောက်ဆုံး ဖန်ဆင်းစရာ လူပဲကျန်တော့တယ်။ ဒါနဲ့ ထုံးစံအတိုင်း မြေမှုန်ကနေ ဘုရားသခင်နဲ့ အဆင်းတူတဲ့ဒီဇိုင်းနဲ့ လူကိုဖန်ဆင်းလိုက်တယ်။ ပြီးတော့ သူ့ကို အာဒံလို့ အမည်ပေးတာပေါ့။ အဲဒီမှာ ပြဿနာက စတယ်ပေါ့ကွယ်။ အဲဒီ ဘုရားသခင်ဖန်ဆင်းတဲ့လူက သူ့ကို.. ဒီလိုပြန်ပြောသတဲ့...
“အို.. ဖန်ဆင်းရှင်”
“ကျွန်တော်မျိုးကြီးအား အရင်ကမ္ဘာတုန်းကလို အာဒံဆိုတဲ့ ခပ်တုံးတုံးနာမည်ကြီး မပေးပါနဲ့ ဘုရား.. ဘဒ္ဒကမ္ဘာမှ ယခုနာမည်ကြီးနေတဲ့ ဆန်ဈာဏီဗိုဆိုတဲ့ ဝေဒက၀ိကြီးဆီမှာ နာမည်သွားတောင်းပေးပါ ဘုရား” လို့ သနားသဖြင့် တောင်းဆိုသတဲ့။ အဲဒီမှာ ဘုရားသခင်က...
“ဟယ်... မဖြစ်ချေဘူးကွယ့်”
“ဒင်းဆီ ငါ နာမည်သွားတောင်းရင် အဲဒီကမ္ဘာမှာငါ့အား လေးစားနေကြတဲ့ လူတွေကို ဘယ်နှယ့် မျက်နှာပြရမလဲ”
ထိုအခါ လူယောင်္ကျားက...
“အရှင်”...
“အသို့ဆိုလျှင် ကျွန်တော်မျိုးကိုသာ လမ်းစရိတ်နဲ့ ဘီယာဖိုးသာပေးပါ.. ကိုယ်ဘာသာ သွားတောင်းပါ့မယ်” ဟု ဆိုလတ်သောအခါ။ ဘုရားသခင်ပင် “Oh.. God” ဟု သူ့ကိုယ်သူ ပြန်တရသည့် အဖြစ်ရောက်တော့တယ်။ ဒါနဲ့ ဘုရားသခင်လည်း တားမရမှန်းသိတော့...
“ဒါဆို ဒီလိုလုပ်ကြရအောင်”
“မောင်မင်းကို ငါအခုပဲ နာမည်အသစ်ပေးမယ်.. မောင်မင်းလည်း စိတ်ကြိုက်ဖြစ်မှ ယူပေါ့ကွယ်”
ထိုအခါ လူယောင်္ကျားက ဘုရားသခင်အား လက်ညှိုးနှင့် လက်မကိုဝိုင်းပြလျက် “အိုကေ” ဟုဆိုကာ မျက်စိမှိတ်ပြလိုက်တယ်။

ဘုရားသခင်လည်း “ငါ ဘဒ္ဒကမ္ဘာကလူတွေကို မကြည်လို့သာ ဒီဖက်မှာ ကမ္ဘာသစ်နဲ့ လူကို စဖန်ဆင်းမိတယ်” “မှားပြီးလား မသိ” ဟုတွေးမိလေသည်။ ဒါပေမယ့် ငါဖန်ဆင်းရှင်ပဲလေဆိုပြီး အားတင်းရှာသတဲ့ကွယ်။ ဒီလိုနဲ့ ဘုရားသခင်လည်း လူယောင်္ကျားအား နေ့သင့်နံသင့် ဖြစ်အောင်ဆိုပြီး သာဂိဆိုပြီး နာမည်ပေးသတဲ့။ ဒါကို လူယောင်္ကျားက ဘိုဆန်မှကြိုက်တယ်ဟု ဆိုလာသဖြင့် Robertသာဂိဆိုပြီး ခရစ်ယာန်နာမည်ပြောင်းပေးရတယ်တဲ့။

နာမည်ကိစ္စအိုကေသွားတော့ ဇာတ်လမ်းကမပြီးသေးဘူး Robertသာဂိက ဘုရားသခင် ဆီမှာ နေ့တိုင်းဘီယာဖိုးတောင်းပြီး ဘဒ္ဒကမ္ဘာမှာ ရှိသမျှဘီယာဆိုင်တွေ အကုန်လျှောက် သွားနေသတဲ့။ ပထမတော့ ဘုရားသခင်က လူသားတွေကို မေတ္တာထားတယ်ဆိုတော့ လွှတ်ပေးထားတာပေါ့။ တစ်ရက်လည်းကြရော Robertသာဂိက Night Club တစ်ခုမှာ ဖိုးလပြည့်နဲ့ငြိပြီး ထိုးကြကျိတ်ကြသတဲ့။ ဒါကို ဘုရားသခင်လည်း သိရော မဖြစ်ချေဖူး။ သာဂိကို ကမ္ဘာသစ်မှာခြေငြိမ်အောင် တစ်ခုခုစီစဉ်မှ ဖြစ်တော့ မယ်ဆိုပြီး.. လူမိန်းမကို ဖန်ဆင်းဖို့ ဆုံးဖြတ်လိုက်သတဲ့...

ဒီတော့ အရင်ကုလားဖြူဘုတ်အုပ်ထဲကအတိုင်း အာဒံရဲ့နံရိုးနဲ့ လူမိန်းမဖန်ဆင်းသလို Robert သာဂိဆီကနံရိုးထုတ်ပြီး ဖန်ဆင်းဖို့ ကြံတာပေါ့။ ဒါပေမယ့် Robertသာဂိကြတော့ ဘုရားသခင်အနေနဲ့ နံရိုးထုတ်ရတာ အရမ်းလွယ်တယ်။ အရင်အာဒံတုန်းကလို တကူးတက အိပ်မောကျအောင်လုပ်စရာမလိုဘူး။ Robert သာဂိကို ဘီယာမတိုက်ပဲ ဘလက်လေဘယ် နှစ်လုံးလောက်တိုက်ချထည့်လိုက်တယ်။ အမူးလွန်နေတော့မှ နံရိုးထုတ်ပြီး လူမိန်းမကို ဖန်ဆင်းလိုက်သတဲ့။

Robert သာဂိလည်း အမူးပြေပြီး ထလာတော့ ဘုရားသခင်ဖန်ဆင်းထားတဲ့ လူမိန်းမကိုမြင်တယ်။ ပြီးတော့ ဟိုကိုင်ဒီကိုင်လုပ်ပြီး အထူးအဆန်းဖြစ်နေသတဲ့။ “သူ့နာမည် ဘယ်သူလဲ” ဟု ဘုရားသခင်ကိုမေးလျက် မျက်နှာက မချိုမချဉ်ဖြစ်လို့ နေတာပေါ့။ ဘုရားသခင်က “သူနာမည်ကို မင်းလိုပဲ ဘိုဆန်အောင် Maria ထွေးညိုလို့ ပေးထားတယ်။ မောင်မင်းသဘောကျရဲ့လားကွယ့်” ဟု ပြောတယ်။ ထိုအခါ Robertသာဂိလည်း ခေါင်းကိုတွင်တွင်ညိတ်လျှက် နာမည်ကို အထပ်ထပ်ရွတ်လို့ နေတယ်..
“Maria ထွေးညို”...
“Maria ထွေးညို”....
“Maria ထွေးညို”.....

ထို့နောက် ဘုရားသခင်က သူတို့ကိုထားဖို့ အေဒင်ဆိုတဲ့ ဥယျာဉ်ကြီးနဲ့ နာမည်ခပ်ဆင်ဆင် ဘီဒင်ဆိုတဲ့ ဥယျာဉ်ကြီးကို ဖန်ဆင်းပြီး သူတို့နှစ်ယောက်ကို ထည့်ထားလိုက်သတဲ့။ ဒါမှ သာဂိခြေငြိမ်မှာကိုး။ အဲဒီဥယျာဉ်ကြီးထဲမှာလည်း ကောင်းမကောင်း သိကျွမ်းရာအပင်ဆိုတဲ့ အပင်ကြီးကို ဘုရားသခင်က မြေပဒေသာကျွန်းကယူပြီး စိုက်ထားသတဲ့။ Robert သာဂိနဲ့ Maria ထွေးညိုတို့ကိုလည်း အဲဒီအပင်က အသီးကိုမစားဖို့ စားရင်သေမယ်လို့ မှာခဲ့တာပေါ့ကွယ်။ သာဂိနဲ့ထွေးညိုက “ဟုတ်ကဲ့ပါ အာစရိ” ဟုပြောရင်း တစ်ယောက်နဲ့ တစ်ယောက် အထူးအဆန်းဖြစ်ပြီ့း လေ့လာနေဆဲပေါ့လေ။

တစ်ရက်မှာတော့ ဘီဒင်ဥယျာဉ်ကြီးထဲ စာတန်ဆိုတဲ့ နတ်ဆိုးက မြွေယောင်ဖန်ဆင်းပြီး ၀င်လာတယ်။ ပြီးတော့ သာဂိနဲ့ ထွေးညိုကို အဲဒီအသီးစားရင် ဘုရားသခင်လိုပဲ ဟိုဟာဖန်ဆင်းလိုက် ဒီဟာဖန်ဆင်းလိုက် လုပ်လို့ရတယ်ဟု ဖြားယောင်းသတဲ့။ ပထမတော့ Robert သာဂိနဲ့ Maria ထွေးညိုတို့က အင်တင်တင်ပေါ့။ “ဟုတ်ရို့ရား.. ဟုတ်ဖဲနဲ့.. လာပွားမနေပါနဲ့ဟယ်” လို့ ဟိုဘလောဂ့်ဂါမမပြောသလို မပီကလာပီကလာနဲ့ ထွေးညိုက ပြောသတဲ့။

ဒါနဲ့ မြွေယောင်ဆောင်ထားတဲ့စာတန်က “ဘဒ္ဒကမ္ဘာကစော်လေးတွေလို စကတ်တိုလေး တွေ စွပ်ကျယ်ဂျိုင်းပြတ်တွေဝတ်ပြီး မလန်းချင်ဘူးလား။ လန်းချင်ရင် အဲဒီအသီးကို စားရတယ်ဟဲ့” လို့ ပြောတော့ ထွေညိုစဉ်းစားသွားတယ်။ နောက် မြွေက သာဂိဖက်လှည့်ပြီး “အဲဒီအသီးစားရင် မင်းလည်းဘဒ္ဒကမ္ဘာသွားပြီး ကလပ်တက်ရန်ဖြစ်စရာ မလိုတော့ဘူး.. ဒီကမ္ဘာမှာတင် လူတွေအများကြီးနဲ့ ကလပ်တွေ ဘီယာဆိုင်တွေ ဖြစ်လာရင် မကောင်းဘူးလား” လို့ မေးသတဲ့။ ဒီတော့ သာဂိလည်း တွေဝေသွားတာပေါ့။ ဒါပေမယ့် သာဂိစိတ်ထဲမှာတော့ “အတိုင်းထက် အလွန်ပဲ” ဆိုတဲ့ သီချင်းကိုအော်ဆို နေပြီ...။

သာဂိနဲ့ ထွေးညိုတွေဝေနေတာ သိတော့ မြွေကဒီလိုပြောတယ်.. “မင်းတို့တွေရဲ့ အတွေးအကြံတွေ၊ အနာဂတ်တွေကို ဘုရားသခင်က စီစဉ်ပြီးသားပါ။ ကြောက်မနေနဲ့ သူလုပ်တဲ့ပြဿနာ သူရှင်းပေးလိ့မ်မယ်.. အရာအားလုံးဟာ သူ့အလိုတော်ပဲ စားသာစား” ဆိုပြီး အသီးတစ်လုံးခူးပေးပြီး Mariaထွေးညိုလက်ထဲကို ပြစ်ပေးလိုက်သတဲ့။ နဂိုတည်းက ထွေးညိုက ကဲချင်ချင်ဆိုတော့.. ကြာသလားလို့ဆိုပြီး.... အသီးကိုစားလိုက်သတဲ့။ ပြီးတော့ Robert သာဂိကိုလည်း ကျွေးတယ်။ သူတို့စားပြီးတဲ့ အခါမှာတော့... “အချစ်ဆိုသည်မှာ.. အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ” ဆိုတဲ့သီချင်းကို နှစ်ယောက်အသံဗြဲကြီးနဲ့ ဆိုကြလေတော့သတဲ့...။

ဒီလိုလုပ်လိုက်ကြတာကို ဘုရားသခင်သိတော့....
“ဟယ်.. ငမိုက်သားတွေ ငါပြောထားလျှက်နဲ့ ဒီအသီးကို စားကြတယ်”
“မင့်တို့ကို ငါကိုယ်တော် အပြစ်ပေးမယ်ဟု” မေတ္တာဗလပွဖြင့် ကုလားဖြူဘုတ်အုပ် ထဲကအတိုင်း ကျိန်တော်မူတယ်။
ထိုအခါ... Mariaထွေးညိုက...
“အို.. အရှင်”
“ထိုသို့တော့ ဂဂျီဂကြောင် မပြုပါနဲ့ အရှင်.. ဒီအပင်ကိုတကူးတက မြေပဒေသာကျွန်းက ယူစိုက်တာ ဘယ်သူလဲအရှင်”
Maria ထွေးညိုက ဤသို့ မေးလာသောအခါ ဘုရားသခင်လည်း အကျပ်ရိုက်သွားသတဲ့။ “ကမ္ဘာသစ်က လူတွေက ကွန်ပလိန်းအရမ်းတက်လှပါလား” ဆိုပြီး နောင်တရတော်မူသတဲ့။

ဒါပေမယ့် ဘုရားသခင်က သူမဟုတ်သလို အထာနဲ့ပြန်နေပြီး။ “အို.. ဒါ ဘယ်သူစိုက်စိုက်.. မစားနဲ့ဆို မစားနဲ့ပေါ့” ဟု ငိုမလို ရီမလို ကလေးဆိုးကြီးသဖွယ် ပြောတယ်တဲ့။ ဒီတော့ Robert သာဂိနဲ့ Maria ထွေးညိုလည်း ဘုရားသခင် စိတ်ဆိုးရင် ပိုဆိုးမှာ စိုးတာကြောင့် ဘဒ္ဒကမ္ဘာက ကုလားဖြူဘုတ်အုပ်ထဲကအတိုင်း အပြစ်တွေကို ခံယူလိုက်ရသတဲ့။ နို့မို့ သာဂိနဲ့ ထွေးညိုရဲ့ လက်ရှိဆက်ဆံရေး ပျက်ပြားကုန်မှာပေါ့...။

သာဂိနဲ့ ထွေးညို အပြစ်တွေကို ကျေကျေနပ်နပ်ကြီး ခံယူတော့ ဘုရားသခင်က ၀မ်းမြောက်တော်မူသတဲ့။ တကယ်တမ်း ထွေးညိုနဲ့ သာဂိစိတ်ထဲမှာတော့ “ဟင့်.. အာပလာကောင်ကြီး သူပဲဂွင်ဆင်ပြီး ငါတို့ကို ကူလီကူမာလုပ်တယ်” ဆိုပြီး တင်းနေသတဲ့။ အဲဒီအချိန်မှာ သာဂိခေါင်းထဲ ဖျတ်ခနဲ အကြံတစ်ခုရသတဲ့... ။

အဲဒီအကြံအတိုင်း ဘုရားသခင်ကို တောင်းဆိုလိုက်ရင် ဘုရားသခင်သူတို့ကို ရှိန်သွားနိုင်တယ်ဆိုပြီး Mariaထွေးညိုကို လှမ်းပြီး တိုးတိုးတိုင်ပင်လိုက်တယ်။ အဲလို တိုင်ပင်လိုက်တော့ ထွေးညိုကလည်း သိပ်သဘောကျသွားတယ်..။ ဘုရားသခင်က သူတို့နှစ်ယောက် တိုးတိုး တိုးတိုးလုပ်နေတာကို မြင်တော့.. “ဟေ့.. ဘာတုန်းဟေ့” ဆိုပြီး လှမ်းမေးသတဲ့။ ဒီတော့ သာဂိက ဘုရားသခင်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး..
“ကျွန်တော်မျိုးတစ်ခု တောင်းဆိုပါရစေ.. အရှင့်အနေနဲ့ တောင်းဆိုချက်ကို လက်သင့်မခံဖူးဆိုရင် နောင်လည်း ကျွန်တော်မျိုးတို့ ကွန်ပလိန်းအများကြီး တက်ဖို့ အစီအစဉ်ဆွဲရပါလိမ့်မယ်”

ထိုအခါ ဘုရားသခင်က..
“အေး.. လိုအပ်တာကို တောင်းဆိုနိုင်တယ်.. ငါ့နေရာလုတာကလွဲလို့ပေါ့”
သာဂိက ခေါင်းညိတ်လျှက် ထွေးညိုကို လှမ်းကြည့်လိုက်တယ်.. ပြီးတော့ ထွေးညိုက ပြောဖို့ အချက်ပြလိုက်တဲ့အခါ...
“ကျွန်တော်မျိုးကြီးတို့အား ဘလောဂ့်ရေးခွင့်ပြုပါ အရှင်”
“ဒါမှ ဘဒ္ဒကမ္ဘာက မြန်မာဘလွတ်ဂါတွေလို ဒီနေ့ ဘာဟင်းနဲ့ချက်စားပြီး ဘယ်ဈေးမှာ ဘာသွားဝယ်လိုက်တာတို့၊ ကိုကိုရေ မောင်မောင်ရေဆိုပြီး အာသဝေါပိုစ့်တွေတင်လို့ ဟိုဟိုဒီဒီရေးလို့ရမှာပါ”

ထိုအခါ.. ထွေးညိုကလည်း..
“ဟုတ်ပါတယ် သခင်.. ကျွန်တော်မျိုးမလည်း သခင်ပေးတဲ့ ဆွေစဉ်မျိုးဆက် အပြစ်ကြီးကို ခံယူဖို့ အသင့်ပါပဲ။ ဒါပေမယ့် အဲဒီဘလွတ်ဂါတော့ ဖြစ်ခွင့်ပြုပါနော်”
“အခု ဘဒ္ဒကမ္ဘာမှာ နာမည်ကြီးနေတဲ့ ဘလွတ်ဂါ မမတွေကို သိပ်ကိုအားကျလို့ပါ.. သူတို့ About me မှာရေးထားသလို အကျိုးပြုစာမရေးတတ်တဲ့ သာမာန်မိန်းကလေး တစ်ယောက်ပါ ဘာညာလည်း အာဖျံကွီးပြီး ဘုတ်ထုတ်ထားမှာပါ။ အာမခံလို့ရတာကတော့ လင်စိတ်သားစိတ် သေချာပေါက် ဖြစ်သွားမှာပါအရှင်”
“နောက်တစ်ခု အာမခံပါရစေ.. ကျွန်တော်မျိုးမတို့ ဘလောဂ့်ရေးရင် ဂျော်တကီးဘလောဂ့်တွေရဲ့ Follower မလုပ်ပါဖူးလို့ လက်မှတ်ထိုးပေးပါမယ်”
“သနားသဖြင့် ဘလောဂ့်ရေးခွင့်ပြုတော်မူပါ ဘုရားသခင်”..“သခင့်ရဲ့ ကျေးဇူးတော်ကို သခင်မဟုတ်မဟတ်တွေ လုပ်ရင်တောင် အမြဲအောက်မေ့ချီးမွမ်းနေပါ့မယ်”

ထိုအခါ ဘုရားသခင်သည် Robert သာဂိနဲ့ Maria ထွေးညိုကို မျက်လုံးကြီး ပြူးလျက်ကြည့်ပြီး...
((((ဘာ))))
((((ဘာ.. ပြော... ဒယ်))))
ဘ.. ဘ..လောဂ့် ရေးချင်ကြတယ်...လား...
ဘုရားသခင်က နာနာကျည်းကျည်း ငိုသံပါကြီးနဲ့ ပြောပြီးတော့...
“ကဲ.. ဒီလိုဆိုရင်တော့ ဒီကမ္ဘာသစ်ကို ငါကိုယ်တိုင်ပဲ အခုဖျက်ပြီဟေ့...” ဆိုပြီး 2012ရုပ်ရှင်ထဲကလို အကုန်ဖျက်ဆီးပြစ်လိုက်သတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲ...။

တိုက်ဆိုင်မှုရှိက လွတ်လပ်စွာစိတ်ဆိုးနိုင်သည်။
သူတော်

8 comments:

မေဇင် said...

အရေးအသား ကောင်းတဲ့ လူ ပဲ.... ရီရတယ်...။ ဒါပေမယ့် ဒီဆိုဒ် မှာ ဒီလို လာအားပေးရင်...သူများ တွေက ပြောကြမလား မသိဘူး....နောက်ဆို... ကွန်မန့် မရေးတော့ဘူး...စာတော့ လာဖက်မယ်...း))

တေဇာ (လရောင်လမ်း) said...

ကောင်းတယ်။ အစကတော့ ကောင်းတယ်ဆိုတာကို စိတ်ထဲကပဲပြောပြီး ပြန်ထွက်သွားမလို့ပဲ။ အပေါ်က ကွန်မန့်ဖတ်ကြည့်မိတော့မှ ခုလို မန့်ဖြစ်သွားတယ်။ နောက်ဆို စာလာဖတ်မယ်...။ ကွန့်မန့်လည်း ပေးချင်ချင် မပေးချင်ချင် တာဝန်တစ်ရပ်အနေနဲ့ ပေးမယ်...။ အလကားနေလူမုန်းများ နည်းလား... နော...း)

ရွှေရတုမှတ်တမ်း said...

သရော်စာတွေရေးပါဗျာ..အားပေးတယ်
ရီရတာအမှန်ပဲ..

ဒူကဘာ said...

ရီရတာ မရီရတာထက် အမှန်တရားကို မြင်ပြီး ရဲဝံ့စွာရေး ရဲတာမို့ ဂုဏ်ယူတယ်၊ နောက်အမြဲလာမယ်။

Anonymous said...

စာအရေးအသားကောင်းမွန်ကြောင်းချီးမွမ်းပါသည် နည်းနည်းလောက်အားထပ်ထည်.မယ်ဆိုရင်သော်တာဆွေလက်သစ်ကိုမြင်ရနိုင်မယ်လို.မျှော်လင်.မိပါကြောင်း၊ ခုတော.ကိုသူတော်မှာတစ်ကယ်တာဝန်ရှိသွားပါပြီ (မလန်.ပါနဲ. )၊စာလာဖတ်သူတွေအတွက်စာမှန်၂ရေးဘို.ပါ

Anonymous said...

စာအရေးအသားကောင်းမွန်ကြောင်းချီးမွမ်းပါသည် နည်းနည်းလောက်အားထပ်ထည်.မယ်ဆိုရင်သော်တာဆွေလက်သစ်ကိုမြင်ရနိုင်မယ်လို.မျှော်လင်.မိပါကြောင်း၊ ခုတော.ကိုသူတော်မှာတစ်ကယ်တာဝန်ရှိသွားပါပြီ (မလန်.ပါနဲ. )၊စာလာဖတ်သူတွေအတွက်စာမှန်၂ရေးဘို.ပါ

ငပျင်းလေး said...

Link မချိတ်တော့ပါ။ copy ကူးသွားပါ၏။ ခွင့်မတောင်းတော့ဘူး

မိုးယံ said...

အခုမှ လာဖတ်ဖြစ်တယ်... ခပ်တည်တည်မန့်ခဲ့မယ်.. အသိဥာဏ်တုံးတဲ့ အောက်တန်းစားတွေလာဆဲ လဲ ကြိတ်မှိတ်ခံဦးမယ်... မယုံကြည်သူချင်းတော့ တူသဗျ.. ရေးတော့ မရေးရဲဘူး..အဲတော့ သူများကိုပဲ အားပေးတယ်.. အဲလို မထိတထိ တွေ ဆက်သာရေးပါ.. တိုက်ရိုက်ပေါ်တင်ကြီးတော့ မစော်ကားပါနဲ့.. ကိုယ်ယုံကြည်ရာကို ဖြန့်ခင်းနိုင်ပါစေ

ငြိမ်းချမ်းပါစေ
မိုးယံ