Thursday, November 19, 2009

Outset of Thu Daw

ကျုပ်ကတော့ စာဖတ်သူတွေအတွက် စေတနာထားပြီး ဘာဘာညာညာစာတွေ ရေးဖို့ အစီအစဉ်မရှိဘူး။ မြန်မာစာလုံးဖြင့်ရေးသော အင်တာနက်ပေါ်က အမှိုက်စာမျက်နှာတွေကို သတိပေးချင်လို့ စာဖတ်သူဘ၀ကနေ account လုပ်ပြီးရေးပါတယ်။ အထူးသဖြင့် ဘလောဂ့်ဂါဖြစ်ချင်လို့ စာရေးတဲ့ဘလောဂ့်တွေကိုပဲ ရည်ရွယ်သွားမှာပါ။ စာရေးချင်လို့ ဘလောဂ့်လုပ်သူတွေကိုတော့ မရည်ရွယ်ပါဘူး။ အဟက်... ပြောတာသိပ်မရှင်းဖူး ထင်တယ်။ ဘလောဂ့်ဂါဖြစ်ချင်လို့ စာရေးသူဆိုတာ ဒီလိုဗျ...

အဲဒီလို လူတန်းစားက စာပေကိုချစ်မြတ်နိုးလို့ မဟုတ်ဘူး။ အားလပ်ချိန်မှာ အချိန်ဖြုန်းပြီး အင်တာနက်မှာ အပေါင်းအသင်းရှာခြင်းနဲ့ ဒိုင်ယာရီလိုလို ရည်စားစာလိုလိုတွေ ရေးခြင်းသက်သက်ပဲ။ သူတို့ဘလောဂ့်မှာ စာကောင်းပေကောင်းတွေရှိရေးက သိပ်မလိုဘူး။ ခင်ရာမင်ရာဘလောဂ့်တွေရဲ့ comment တို့ cbox တို့မှာ အရည်မရအဖတ်မရတွေ လျှောက်ရေးခြင်း။ ပတ်ချွဲနှပ်ချွဲတွေရေးခြင်း။ မပီကလာ ပီကလာတွေရေးခြင်း။ မကြာခဏ မိတ်ဆုံစားပွဲများလုပ်ခြင်း။ ဒါတွေက သူတို့အလုပ်ပေါ့။ အဲ..တချို့ဆိုရင် ဇာတ်လမ်းတွေ ဘာတွေတောင် ဖြစ်ကုန်တယ်။ (မရှိဖူးမငြင်းနဲ့ ဘလောဂ့်လောကမှာ ဒုနဲ့ဒေး)။

တချို့ဆို အသက်ကဖြင့်ဖင်ဆောင့်နေပြီ သူ့ကိုသူ စကားကိုမပီသလိုကြံဖန်ရေးပြီး စာဖတ်သူ သောက်မြင်ကပ်အောင် လုပ်တဲ့ဘလောဂ့်ကရှိသေးတယ်။ အမှန်ဆို အသက်အရွယ်ပေါ်မူတည်ပြီး ကိုယ်ရေးတဲ့စာရော ကိုယ့်ကိုကိုယ်ပါ ဆင်ခြင်သင့်တယ်။ တချို့ဘလောဂ့်ဂါ မမကြီးတွေကလည်း ရီရသဗျာ။ သူတို့ရေးတဲ့စာက ဘာအဆင့်ရှိ သလဲတော့မသိဘူး သူများဘလောဂ့်မှာ ကွန့်မန့်ပေးတဲ့ ရေးချက်တွေကတော့ တကယ့်ဆရာကြီးအထာတွေနဲ့။ အဲ.. ခင်ဦးမေတို့ဘာတို့တော့ မပါဘူးနော်(သူက လက်မှတ်ရသွားပြီ)။ ရေးချင်တာရေးပစေဆိုပြီး ဘလောဂ့်လောကကြီးတစ်ခုလုံး ဆလံသ ထားပုံရတယ်။ တော်တယ်လို့ ဆိုရမလားပဲ ဟား ဟား။

ပြီးခဲ့တဲ့ တလောက ကမ္ဘာပျက်ပို့စ်တွေ ဘလောဂ့်တိုင်းမှာလိုလို မြင်ရတယ်။ အဲ.. ကွန့်မန့်တွေမှာလည်း မြင်မိတာ ပဋိပက္ခတွေရောပေါ့လေ။ ဒီလောက်အခြေအတင် ဖြစ်ရအောင် ပွဲကြမ်းနေတဲ့ ဘလောဂ့်ရေးသူတွေကရော ဘာကောင်တွေလဲဆိုပြီး သူတို့ဘလောဂ့်တွေ လိုက်လည်ဖတ်ကြည့်မိတယ်။ တချို့ကတော့ စာပေမြတ်နိုးသူ၊ တချို့ကတော့ အခုနပြောသလို ဘလောဂ့်ဂါဖြစ်ချင်လို့ စာထရေးသူတွေပါတာပေါ့။ ပြာယာအခတ်ဆုံး ဂယက်ရိုက်သူတွေကတော့ အဲဒီဘလောဂ့်ဂါဖြစ်ချင်လို့ စာရေးတဲ့ သူတွေပဲ။ ကိုလူထွေးရဲ့ သာယာကုန်းပိုစ့်ထွက်လာတော့မှ နည်းနည်းဘရိတ်အုပ် သွားကြပုံရတယ်။

အဲဒီလိုဖြစ်တော့ အရင်ဆုံးဖျာခင်းကြတဲ့လူတွေလည်း တွေ့ရသဗျာ။ စာပေချစ်တဲ့ ဘလောဂ့်ဂါတွေနဲ့ ဘလောဂ့်ရူးတွေ ချစ်ကြည်ရေးရဖို့ ငြိမ်းချမ်းရေးပိုစ့်တွေ ရေးသလိုလိုနဲ့ ကွန့်မန့်တက်အောင် အားထုတ်ကြတာပေါ့။ ဘလောဂ့်လောက ငြိမ်းချမ်းရေးထက် အတိုက်အခံဖြစ်နေတဲ့ ဘလောဂ့်တွေ ကွန့်မန့်တွေမှာလာဆုံပြီး ၀ုန်းဒိုင်းကျဲစေချင်တာ၊ ပွဲဆူစေချင်တာ။ သူတို့ကိုယ်သူတို့တော့ သမာသမတ်ကျတဲ့ ဘလောဂ့်ဂါကြီးတွေပေါ့လေ အဟက်..။ တချို့ကတော့ တကယ်ကိုငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ စေတနာနဲ့ ရေးတယ်ပေါ့လေ။ တကယ်စာပဲရေးချင်သူကတော့ ဘလောဂ့်လောကကြီးပျက်ရုံမကလို့ ကမ္ဘာကြီးပါပျက်သွားပစေ.. ထကိုမကြည့်ကြဖူးဗျာ။ သူတို့စာပဲ သူတို့မှန်မှန်ရေးနေတယ်။ ငြိမ်းချမ်းလိုက်ပုံများ..။

ကမ္ဘာပျက်ပိုစ့်ရဲ့ ဖြစ်ရပ်အပေါ် ကျုပ်မြင်မိတာက ဒီလိုဗျ။ ညအချိန်မတော် မီးပျက်နေတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲ ခေတ်ဆန်ဆန်နေတတ်တဲ့ မိန်းမတစ်ယောက် စကတ်တို လေးနဲ့ စွပ်ကျယ်ဂျိုင်းပြတ်ဝတ်ပြီး လမ်းလျှောက်ထွက်တုန်း မုန်ယိုနေတဲ့ လူမိုက်တွေနဲ့ တွေ့သလိုပေါ့။ အဟက်.. ဆိုင်မဆိုင်တော့ မသိဘူး မြင်မိတာပြောပါတယ်။

ကန်တော့ပါရဲ့။ နောက်.. Fင်ခံတဲ့ ဘလောဂ့်ဆိုတာလည်း ထူးထူးဆန်းဆန်း တွေ့ရသဗျာ။ လိင်ကိစ္စဟာ ဘယ်လိုပွင့်လင်းသင့်တာတို့ဘာတို့ ကြီးကြီးကျယ်ကျယ်တွေရေး။ လိင်ကိစ္စပွင့်လင်းရမယ်ဆိုတာ ကိုယ်နဲ့ဆက်ဆံသူနဲ့ ကိုယ်နဲ့နှစ်ဦးသာ တိုက်ရိုက် ပက်သက်တာပါ။ ယောင်္ကျားချင်း kissing ဆွဲနေတဲ့ပုံတွေတင်ပြီး ပွင့်လင်း ပြစရာမလိုပါဘူး။ ဘလောဂ့်ပေါ်တင်ပြီး ချပြစရာမလိုဘူး။ ဒါပညာပေးမှ မဟုတ်တာ ရရှိထားတဲ့ လူ့အခွင့်အရေးကိုအသုံးချပြီ လျှပ်ပေါ်လော်လီတာ (ငါ့နဲ့ အခြောက်ကိုမှ လျှပ်ပေါ်လော်လီတယ် သွားပြောနေတယ်)။ အဟက်.. ယောင်္ကျားချင်းလိင်တူ ဆက်ဆံခွင့်ဟာ ဘုရားရဲ့ကျေးဇူးတော်ပါလို့ လက်ခံထားပုံရတယ်။ သူလုပ်မှ အခြောက်တွေFင်ခံတာ ဘုရားပေးတဲ့ ဆုလာဘ်ကြီးလိုလို..။ လိင်နဲ့ပက်သက်လို့ ဒီလိုတလွဲဆံပင်ကောင်း ပွင့်လင်းနေတာကို socialကျတဲ့ မမဘလောဂ့်ဂါတွေကလည်း တအုံးအုံးပေါ့လေ။ (ပြောမိပြန်ပြီ ငါ့ကြောင့် အုံနဲ့ကျင်းနဲ့ စိတ်ညစ်နေရအုံးမယ်)

အမှန်က တကယ်စေတနာရှိရင် ဆေးပညာရှုထောင့်ကရေးပေါ့။ လိင်ဆက်ဆံတာ ယုတ်ညံ့တာလည်း မဟုတ်သလို၊ အပြစ်တစ်ခုလည်းမဟုတ်ဘူး။ ဒါပေမယ့် သဘာဝလွန်နဲ့ သဘာဝနှစ်မျိုးတော့ရှိတာပေါ့။ ၀ဋ်နာကံနာဖြစ်နေတဲ့လူကို အပြစ်ပြောရင် ပြောသူအလွန် ဆိုတာ လက်ခံတယ်။ ဒါပေမယ့် အဲဒီဝဋ်နာကံနာ ပုဂ္ဂိုလ်တွေက ပိုပြီးဆင်ခြင်သင့်တယ်။ ဘ၀ကိုပျော်ပျော်ဖြတ်သန်းခွင့် ရှိပါတယ်။ ဒါပေမယ့် အများသူငါနဲ့ဆိုင်တဲ့နေရာတွေမှာ စည်းကမ်းမဲ့အမှိုက်မပြစ်နဲ့ပေါ့။ ကိုယ်ပိုင်ဘလောဂ့်စာမျက်နှာမှာ ပေါက်ကရရေးတာလည်း အများသူငါနဲ့ ဆိုင်တဲ့နေရာ အမှိုက်ပြစ်တာနဲ့ တူတူပဲ။ ပြောရင်းလည်း ပေကရှည်အုံးမယ်။ ကဲ.. ခေတ်ပညာတတ် ဘလောဂ့်ဂါကြီးတွေ စဉ်းစားသာကြည့်ကြဗျာနော။

အခုတည်းက နည်းနည်းကြိုပြောထားရအုံးမယ် ကျုပ်ကတော့ ဘလောဂ့်ငြိမ်းချမ်း ရေးသမားမဟုတ်ဖူး။ မြန်မာပြည်ရဲ့ အဓိကခေါက်ရိုးကျိုးစကားလုံးဖြစ်တဲ့ အဆိုးမြင် ၀ါဒီလို့ ပြောရင်ပိုမှန်မယ်။ ဘလောဂ့်တိုင်း ပေါက်ကရ(အနည်းငယ်) ရေးလို့ရပါတယ်။ သိပ်လွန်နေတဲ့ ဘလောဂ့်တွေဆိုရင်တော့ ကျုပ်ဒီကနေ ဂုဏ်ပြုပေးချင်ပါတယ်။ ဂုဏ်ပြုခံရတဲ့ ဘလောဂ့်တွေကလည်း အသိအမှတ်ပြုတယ်ဆိုရင် လာရောက်ချီးကျူး ထောပနာ ပြုကြပေါ့ဗျာ ဟား ဟား။

စာကြွင်း။ ။ စာပေကိုချစ်မြတ်နိုးစွာဖြင့် အကျိုးပြုစာပေများရေးသားနေသော ဘလောဂ့်ဖန်တီးသူများအား အထူးပင်လေးစားပါသည်။ ထိုသူတို့အပေါ် ကျွန်ုပ်စကားများလွန်ခဲ့သည်ရှိသော် တောင်းပန်ရန် ၀န်မလေးပါဟု ဂတိသစ္စာပြုပါသည်။
သူတော်

9 comments:

မေဇင် said...

သူများက လင့်ပေးလို့ လာဖတ်တာ......စောစောစီးစီး ရေးချင်တာလေးတွေကို ရေးသော ဘလော့ လေးပိတ်ပြီး နေနေမိတာ...တော်သွားပါသေးရဲ့ လို့တောင် တွေးမိသွားတယ်... ကိုယ် က ဘလော့ဂါ ဖြစ်ချင်လို့ စာရေးတာ မဟုတ်သလို... စာပေကို ချစ်မြတ်နိုးလို့ စာရေးတာလဲ မဟုတ်ပါဘူး...ရေးချင်လို့ကို ရေးချင်တာ ရေးတာဖြစ်ပြီး...ခု မရေးချင်တော့လို့ကို ဘလော့ကို ကျောခိုင်းလိုက်ခြင်း ဖြစ်ပါသည်....။း)

ကောင်းကင်ပြာ said...

အမ စီဘောက်ထဲမှာ လင့် လေး ထားသွားလို့ လာဖတ်ပါတယ်၊ အမကတော့ စာရေးချင်နေသူ တယောက် ဖြစ်တာ ရယ် ဖတ်ထားမှတ်ထားတာ လေးတွေရယ် ကိုယ့် ခံစားချက်လေး တွေ ရယ် ရေးဖို့ပဲ စဉ်းစားမိပါတယ်၊ ကိုယ်ရေးတဲ့ စာတွေ အကျိုးပြု မပြုတော့ စာဖတ်သူတွေပဲ သိပါလိမ့်မယ်၊ အကျိုးပြု ပါစေ ဆိုပြီး ရေးခဲ့တဲ့ စာ တပုဒ်မှ မရှိတာတော့ ၀န်ခံပါတယ်၊ ကိုယ်က နာမည်ကြီး လဲ မဟုတ်သလို ကြီးလဲ မကြီးချင်ပါဘူး၊ စာရေးဖို့ အဆင်ပြေ စိတ်ပါနေတဲ့ အချိန် ထရေး နေဦးမှာပါ၊
လူ သိစေချင်တာဆိုရင် တခြားနာမည်ကြီး ဆိုဒ်တွေ မှာ ပို ကြေငြာ ရင် ကောင်းမယ်လို့ လာပြောပြတာပါ၊ အမ ဆီက လူလဲ သိတ်မလာသလို ဘာအကျိုးပြု စာမှလဲ မရေးပဲ စာရေးချင်လို့ ရေးနေတာ ဆိုတော့ မောင်သူတော် သိစေချင်သူတွေ မသိပဲ နေမဆိုးလို့ပါ၊

Ko Thu Daw said...

အဟက်.. Blog I Follow ကြည့်မိတော့မှ အုံနဲ့ကျင်းနဲ့ထဲကတစ်ယောက်မှန်း သိရတော့တယ်။ ကောင်ကင်ပြာရဲ့ လူသိစေချင်တဲ့အချက်အပေါ် ပူပင်ပေးမှုက မလိုအပ်ဘူး။ ဒီတော့ ကျေးဇူးလည်းမတင်ပါဘူး။ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ပါ။

ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ said...

ခင်ဦးမေက ဘာလက်မှတ်ရတာလဲဗျ။

Ko Thu Daw said...

ကိုယ့်လူက သိရက်နဲ့ အဟက်...

Notes on Web of My Pieces said...

ဦးသင်ကာကြီး မုခမှာ ရှဲလို့ အပြေးအလွှား...ပြေးလာဖတ်တာ...။ဘလော့ဂါလောက မော်ရင်ဟိုလို့ အမည်ပေးလိုက်ရမလား..။ ကောင်းတယ်...။လေးစားပါတယ်..အားပေးပါတယ်..။ စီဘောက် ထည့်ပါလား..။ ဘာမှ တွေးမပူနဲ့.။ သူတော်ကောင်းဟာ အကဲ့ရဲ့ခံက မလွတ်ဘူးလို့ သဘောထားလိုက်...ဗျာ.။ ကိုယ့်ကိုယ့်ကိုလည်း မြှင့်ရာ ရောက်ပြီးသား ဖြစ်ကရော..။ ကဲ မပိုင်ဘူး.လား..။ လင့်ခ်ချိတ်လိုက်မယ် ဗျာ...ဦးသူတော်ကြီး..း)

မေတ္တာတံခွန် said...

ဝေဖန်ရေး လုပ်မယ် ဥိးသူတော်ပေါ့
ကြိုက်တယ်ဗျာ အဲဒါမျိုးတွေကို အားပေးတယ်
ဘယ်သူတွေ ဘာအတွက် ဘလော့ရေးလဲ ဆိုတာတော့ မသိဘူး
ဦးဇင်းကတော့ ဖြန့်ဝေဖို့ ဘလော့ရေးတာ
နာမည်ကြီးတာတွေ ဘာတွေ မသိဘူး
ရေးချင်လို့ကို ဘလော့ပေါ်တက်ပြီးဘလော့ရေးနေတာပါ
ဝေဖန်မယ်ဆိုရင် လာခဲ့နော် ဖိတ်ခေါ်ပါတယ်

အရှင်ဝရသာမိ
http://www.sbay-student.org/
http://dhammaanalysis.multiply.com/

ရွှေရတုမှတ်တမ်း said...

ဖိုးသူတော်မျက်စေ့လည်လို့ဆန်ပိုမရပဲကန်တော့ဆွမ်းဖြစ်နေဦးမယ်

ဖိုးမောင်(happycloud) said...

လှိုက်လှိုက်လှဲလှဲအားပါးတရ ကြိုဆိုပါတယ်ဗျာ... ဆင်သွားရင် ခြေရာ ကျန်သလို ... သူတော် ပွားရင် စေတနာမှန်တယ် ဆိုတာမျိုးလေး ဆက်ပြီး ဖြစ်စေချင်ပါတယ်ဗျာ... အားပေးနေပါတယ်ဗျိုး... ။ ဆိုရေးရှိချိန်မှာ ဆိုတတ်တဲ့သူဟာ ပညာရှိလို့ အဆိုရှိသဗျ...။ ကိုသူတော်ရေ နောက်ရေးလာမယ့် ပိုစ့်တွေ အတွက်စောင့်မျှော်ဖတ်ရှုနေမယ်ဗျာ...။
ဖိုးမောင်